Tuesday 14 June 2011

မမြင်ရတဲ့ ရှမ်းပြည်

ရှမ်းပြည်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဗမာစစ်အစိုးရက နည်းမျိုးစုံသုံးပြီး ဖျောက်ဖျက်နေပုံကိုရှမ်းအမျိုးသမီး ကွန်ယက်က ၂၀၀၉ နိုဝင်ဘာမှာ စာမျက်နှာ (၃၀) ကျော် စာတမ်းတစ်စောင်ထုတ်ဝေလိုက်ပါတယ်။ Forbidden Glimpses of Shan State လို့မည်ပေးထားတဲ့အတွက် “မမြင်ရတဲ့ရှမ်းပြည်” လို့ပဲခေါ်ရပါလိမ့်မယ်။ ဘာဖြစ်လို့ လဲဆို တော့ ရှမ်းယဉ်ကျေးမှုအမွေအနှစ်ကို ရှမ်းပြည်မှာမမြင်နိုင်တော့လို့ပါပဲ။ ဗမာလူမျိုးကြီးဝါဒကြီးစိုးပုံနဲ့ ရှမ်းယဉ်ကျေးမှု ဖိနှိပ်ခံရပုံကို ရှမ်းအမျိုးသမီးကွန်ယက်က မှတ်တမ်းတင်ထားပါတယ်။

လိုင်းခါ့ (လဲချား) ဟော်နန်း Photo: SWAN
ရှမ်းပြည်နေရာအတော်များများကို နိုင်ငံခြားခရီးသည်တွေမသွားနိုင်ကြပါဘူး။ လားရှိုး၊ အင်းလေး၊ တာချီလိတ်၊ ကျိုင်းတုံ-မိုင်းလား စတဲ့နေရာတွေလောက်သာ သွားနိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ဗမာအစိုးရတပ် တိုက်ပွဲဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံမှာ ဝင်ရောက်ခိုလုံရတဲ့ ရှမ်းပြည်တိုင်းရင်းသားတွေလဲ သိန်းချီ နေပါပြီ။ ဒေသခံတွေကို အကြမ်းဖက်နှိမ်နှင်းပြီး ဒေသယဉ်ကျေးမှုတွေကို ဖျက်ဆီးနေတာဟာဗမာအစိုးရ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှမ်းစော်ဘွား အခန်းကဏ္ဍကို ဖျောက်ဖျက်ဖို့ကြိုးပမ်းနေပါတယ်။

ကျိုင်းတုံစော်ဘွား၊ စောကွမ့်ကျောက်အင်းတလိုင် (၁၈၉၆-၁၉၃၇) တည်ဆောက်တဲ့ဟော်နန်းဟာ ရှမ်းပြည်မှာ အကြီးဆုံးနဲ့အခမ်းနားဆုံးပါပဲ။ ၁၅၆၄ မှာ ဘုရင့်နောင် ဇင်းမယ်ကိုစစ်ချီတော့ ကျိုင်းတုံကဆင်မြင်းနဲ့ စစ်သား ထောက်ပံ့ပါတယ်။ ၁၇၈၅ မှာ ယိုးဒယားကိုစစ်ချီတော့လဲ ကျိုင်းတုံတပ်ပါဝင်ခဲ့ပါတယ်။ ဒီလိုကူညီတဲ့ အစဉ် အလာရှိပေမယ့် ဗမာမင်းကို ကျိုင်းတုံက အခွန်တော်ဆက်သတာမျိုး မတွေ့ရဘူးလို့ ကွယ်လွန်သူ- သမိုင်း ပါမောက္ခ- ဒေါက်တာသန်းထွန်းရဲ့ နယ်လှည့်ရာဇဝင်-ပထမတွဲမှာရေးထားတယ်။ ကျိုင်းတုံကို မြန်မာနိုင်ငံတော် ရဲ့ ဝင်ပေါက်အဖြစ်နဲ့လဲဖော်ပြလေ့ရှိတယ်လို့ ဆရာသန်းထွန်းကဆိုပါတယ်။ ၁၉၆၂ မှာ စစ်အာဏာသိမ်းတော့ ကျိုင်းတုံ နောက်ဆုံး စော်ဘွား-စောစိုင်းလုံကို ဖမ်းဆီးထောင်ချပြီး ဟော်နန်းမှာစစ်ရုံး ဖွင့်ထားပါတယ်။လက်ရှိ စစ်အစိုးရ လက်ထက် (၁၉၉၁ နိုဝင်ဘာမှာ အဖြိုဖျက်ခံရပြီး) ဟော်နန်းနေရာမှာကျိုင်းတုံဟိုတယ်ဆောက်ထား ပါတယ်။

ဂေးစီး (ကျေးသီး) ဟော်နန်း Photo: SWAN
ဗမာလိုညောင်ရွှေလို့ခေါ်နေတဲ့ ယောင်ဟွေ့ဟော်နန်းမှာ နောက်ဆုံးနေထိုင်သွားသူဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး သမ္မတစောရွှေသိုက်ဖြစ်ပါတယ်။ မန္တလေးနန်းတော်ပုံစံမျိုးတည်ဆောက်ထားတဲ့ ဟော်နန်းကြီးဖြစ်တာကြောင့် မဖျက်ဆီးပဲ ညောင်ရွှေယျဉ်ကျေးမှုပြတိုက်လုပ်ထားပါတယ်။ စော်ဘွားကြီးများ ပြတိုက်လို့ လူသိများတဲ့အတွက် လာရောက်ကြည့်ရှု သူတွေရှိပါတယ်။ ရှမ်းယဉ်ကျေးမှုအမွေအနှစ် အဖြစ်သတ်မှတ်ပြီး ပြင်ဆင်ဖို့ ကုလသမဂ္ဂ ယူနက်စကို အဖွဲ့က ဒေါ်လာ သုံးသောင်းထောက်ပံ့ပေမယ့် စစ်အစိုးရဟာ ပြင်ဆင်ဖို့ပျက်ကွက်ခဲ့ပါတယ်။ ၂၀၀၆ မှာ ညောင်ရွှေပြတိုက်က ယဉ်ကျေးမှု ဆိုင်ရာပစ္စည်းတွေ နေပြည်တော်ကိုရွှေပြောင်းလိုက်ပြီး ဗုဒ္ဓပြတိုက်လို့ အမည်ပြောင်းလိုက်တဲ့အတွက် ယောင်ဟွေ့ဟော် နန်းဟောင်းမှန်း သိနိုင်ဖို့ဆက်ခဲသွားပါတယ်။

သိန္နီဟော်နန်းဟာ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွား စောရွှေတိုက်ရဲ့ဇနီးမဟာဒေဝီ စဝ်ဟိန်းခမ်းမွေးဖွားရာ နေရာဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ သိန္နီဟော်နန်းဝင်းထဲမှာ အစိုးရတပ်ချထားပြီး မကြာမီကမှ ရုတ်သိမ်းသွား ပါတယ်။ ပျက်စီးနေတဲ့ သိန္နီဟော်နန်းဟာ သမိုင်းဝင်အဆောက်အဦးဖြစ်ကြောင်း ဒေသခံရှမ်းယဉ်ကျေးမှု အသင်း က ဆိုင်းဘုတ်ထောင်ထားပါတယ်။ ရှမ်းစော်ဘွားရဲ့ ဟော်နန်းတွေကိုပျောက်ကွယ်သွားအောင်လုပ်နေ ပေမယ့် မရှိတော့တဲ့ ဗမာဘုရင့်နန်းတော်ကိုတော့ ပြန်လည် တည်ဆောက် ထားပါတယ်။ မရှိတော့တဲ့ ဘုရင့်နောင် နန်းတော်ကို ဗဂိုးမှာ ၁၉၉၀ က ပြန်လည်တည်ဆောက်တာ ၂၀၀၃ မှာပြီးစီးတဲ့အတွက် (၁၃) နှစ်ကြာခဲ့ပါတယ်။

အယုဒ္ဓိယမြို့တော်ကို (၁၆) ရာစုမှာ သိမ်းပိုက်ခဲ့ဖူးတဲ့ ဘုရင့်နောင်ရုပ်ထုကြီးကို ထုလုပ်ဖို့ ၁၉၉၅ မတ်လမှာ အမိန့်ထုတ်ခဲ့ပြီး တနှစ်ကျော်အကြာ ၁၉၉၆ မေလ (၆) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဖွင့်လှစ်လိုက် ပါတယ်။ မတ်တတ်ရပ်ပြီးထိုင်းနိုင်ငံဘက်လက်ပိုက်ကြည့်နေတဲ့ ဘုရင့်နောင်ရုပ်ထုကြီးကို ထိုင်းနယ်စပ်အနီးတာချီလိတ်မြို့ မှာ ထားပါတယ်။ ၂၀၀၃ မှာ ဗုံးဖောက်ခံရလို့ ရုပ်ထုခြေလက်တွေ ပျက်စီးသွားပေမယ့် ချက်ချင်းပြင်ဆင်ပြီးခြံခတ် ထားလိုက်ပါတယ်။ ကျိုင်းတုံက သစ်ပစ်ကြီးတပင်ကို ၁၈ ရာစုကုန်းဘောင်မင်း အလောင်းဘုရားစိုက် သွားတာလို့ ဆိုင်းဘုတ်ထောင်ထားတဲ့ အတွက် ဒေသခံတွေအားလုံး အံ့သြကြရပါတယ်။ အကြောင်းကတော့အလောင်းဘုရား ကျိုင်းတုံကို ရောက်ဖူးတဲ့ အထောက်အထားမရှိလို့ပါပဲ။

ယောင်ဟွေ (ညောင်ရွှေ) ဟော်နန်း Photo: SWAN
ရုပ်ပွားတော်လို့ခေါ်တဲ့ ဘုရားအတုတွေကို ရှမ်းပြည် နေရာအနှံ့မှာ တည်ဆောက်ထားပါတယ်။ အပစ်အခတ် ရပ်စဲပြီးမကြာမီ ၁၉၉၅ အစောပိုင်း ရွှေတိဂုံစေတီအတုကို တရုတ်မြန်မာနယ်စပ် မိုင်းလားမှာ တည်ဆောက်တာ ၁၉၉၇ မှာ ပြီးစီးသွားပါတယ်။ ၁၉၉၅ နှစ်ကုန်ပိုင်း တာချီလိပ်မှာတည်ဆောက်တဲ့ ရွှေတိဂုံအတုကတော့ ၁၉၉၈ မှာပြီးစီးပါတယ်။ ၁၉၉၇ မှာဒေသခံတပ်မှူးက ကွန်ဟင်းမြို့မှာ ရွှေတိဂုံအတုဆောက်ပြီး မဟာကမ္ဘောဇပြည် ငြိမ်းအေးစေတီလို့ အမည်ပေးထားပါတယ်။ တကယ်တော့ ကွန်ဟင်းမြို့နယ်ဟာ အဓမ္မရွှေ့ပြောင်းခံရသူ အများဆုံးဒေသဖြစ်ပါတယ်။ ရှမ်းပြည်ရဲ့အလယ်ဗဟိုအရပ် မိုင်းရယ်မှာလည်း ၂၀၀၀ က ရွှေတိဂုံအတုတည် ဆောက် ပြီးစီးပါတယ်။ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မှာ ၂၀၀၁ ကရွှေတိဂုံအတုတည်ဆောက်ပြီးစီးသွား တယ်။ ၂၀၀၂ ပင်လုံမှာ တည်ဆောက်တဲ့ ရွှေတိဂုံအတုဟာ ၂၀၀၄ မှပြီးစီးပါတယ်။ ၂၀၀၆ က လားရှိုးမှာ ရွှေတိဂုံအတု တည်ဆောက်ပြီး ရန်တိုင်းအောင်ဆုတောင်းပြည်လို့အမည်ပေးထားပါတယ်။ ရန်သူကိုနိုင်ချင်တဲ့စိတ်နဲ့ ဘုရားတည်တာပါပဲ။ ဒါကြောင့်မို့ ရှမ်းပြည်မှာတင် ရွှေတိဂုံအတု (၈) ခုရှိနေတာတွေ့ရပါတယ်။

ဝန်ကြီးချုပ်ဟောင်းဦးသိန်းစိန်ဟာ တြိဂံတိုင်းမှူးလုပ်တုန်းက ပေ (၆၀) ကျော်မြင့်တဲ့ မတ်တတ်ရုပ်ထုကြီး ကို ကျိုင်းတုံမြို့အမြင့်ဆုံးနေရာမှာ တည်ဆောက်ခဲ့ပါတယ်။ ရိုးရာဓလေ့ အခန်းအနားတွေမလုပ်ပဲစစ်တပ်ကတည် ဆောက်တဲ့ မတ်တတ်ရပ်ဗုဒ္ဓဘုရားရုပ်ထုကြောင့် လာဘ်မကောင်းဘူးလို့ ဒေသခံတွေက ယူဆပြီးအတတ်နိုင် ဆုံးရှောင်ကြတယ်လို့ ဆိုပါတယ်။ သီပေါအနီးက ဘော်ကြိုဘုရားကို လူသိများပါတယ်။ ရှမ်းယဉ်ကျေးမှု မှာ အလွန်ထင်ရှားတဲ့ အမှတ်အသားဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွှန့်အမိန့်နဲ့ ၁၉၉၆ မှာမွန်းမံပြုပြင် လိုက်တာ မူရင်းလက်ရာ ပျောက်ပျက်သွားပါတယ်။ နောက်တော့ ဘော်ကြိုဘုရားကို ဗမာဗိုလ်ချုပ်တွေပြန်လည်မွန်းမံတည် ဆောက်ကြောင်း ကမ္ပည်းထိုးထားတဲ့အတွက် ရှမ်းအလှူရှင်တွေပျောက်သွားပါတော့တယ်။ ဗမာဗိုလ်ချုပ်တွေ ရှမ်းပြည်လာရင် သူတို့ဆောက်ထားတဲ့ စေတီပုထိုးကိုသာသွားကြပါတယ်။

ဆီပေါ့ (သီပေါ) မြို့အနီးရှိ ပြန်လည်ပြုပြင်ထားသော ဘော်ကြိုဘုရား Photo: S.H.A.N.
ရှမ်းတိုင်းရင်းသားတွေဟာ သူတို့ကိုယ်သူတို့ “တိုင်း”လို့ခေါ်ပါတယ်။ ဘာသာစကားဟာ ထိုင်းနဲ့နီးစပ်ပေမဲ့စာ ရေးအသား မှာ မြန်မာနဲ့ဆင်ပါတယ်။ ရှမ်းစာကိုဘုန်းကြီးကျောင်းတွေမှာ နှစ်ပေါင်းများစွာသင်ကြား လာခဲ့ပေမယ့် ကိုလိုနီခေတ် စာသင်ကျောင်းမှာ ရှမ်းစာသင်ကြားပေးနိုင်တဲ့အခြေအနေကို မရောက်နိုင်ခဲ့ပါဘူး။ လွတ်လပ်ရေး ရပြီးတဲ့နောင်ပိုင်းမှာ ရှမ်းစာနဲ့ ကျောင်းသုံး စာအုပ်ပြုစုနိုင်တဲ့အတွက် ကျောင်းတွေမှာ ရှမ်းစာသင်ကြားဖို့ စီစဉ်နေတုံး ၁၉၆၂ မှာ စစ်တပ်အာဏာသိမ်းတာကြောင့် အကောင်အထည်ပေါ်မလာတော့ပါဘူး။ ဒါကြောင့်မို့ ရှမ်းပြည် အစိုးရကျောင်းတွေမှာ မြန်မာလိုသင်ကြားပို့ချ နေတာ ဖြစ်ပါတယ်။ ရှမ်းဘာသာ စကားကို ဘုန်းကြီး ကျောင်းနဲ့ စေတနာဝန်ထမ်းတွေကသာ သင်ကြားပို့ချပေးကြပါတယ်။ ရှမ်းအမည်ကို မြန်မာသံနဲ့ ခေါ်ဝေါ်တာဟာ အဓိပ္ပါယ်လွဲမှားစေပါတယ်။ ဥပမာ ရှမ်းအမည် “ယောင်ဟွေ့” ဟာဆန်စပါးပေါတဲ့ ချိုင့်ဝှမ်းလို့အဓိပ္ပါယ်ရပါတယ်။ ယောင်ဟွေ့ကို မြန်မာလို “ညောင်ရွှေ” လို့ခေါ်လိုက်တော့ ရွှေညောင်ပင်ဖြစ်သွားပါတယ်။

လူသိနည်းတဲ့အချက်တခုကတော့ နာမည်ကျော် ဒီမိုကရေစီသားသမီးတွေကို ရှမ်းပြည်အကျဉ်းထောင်တွေမှာ နှစ်ရှည်ချုပ်ထားတာပဲဖြစ်ပါတယ်။ ၂၀၀၇ သံဃာတော်တွေဦးဆောင်တဲ့ ပြည်သူ့ဆန္ဒပြပွဲမှာ ပါဝင်သူတွေနဲ့ ရှစ်လေးလုံးမျိုးဆက်  ကျောင်းသားခေါင်းဆောင်တွေကို ၂၀၀၈ မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ပြီး ရှမ်းပြည်ကို ရွှေ့ပြောင်းလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ မိသားစုနဲ့ အလွန်ဝေးကွာတဲ့ အရပ်မှာ ထောင်ဝင်စာရဖို့ ခက်ခဲသွား အောင်လုပ်လိုက်တာဖြစ် ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြမှုကြောင့် ထောင်ဒဏ် (၆၅) နှစ်ကျသွားသူ၊ မင်းဇေယာ၊ မင်းကိုနိုင်၊ ဂျင်မီနဲ့ ကိုကိုကြီးဟာ လားရှိုး-ကျိုင်းတုံ-တောင်ကြီးနဲ့ မိုင်းဆတ် အကျဉ်းထောင်တွေမှာ ရောက်နေပါတယ်။ ခွန်ထွန်းဦးနဲ့ ရှမ်းခေါင်းဆောင် (၇) ဦးကိုတော့ ရှမ်းပြည်နဲ့အလှမ်းဝေးတဲ့ရခိုင်ပြည်စစ်ကိုင်း တိုင်း ကချင်ပြည် အကျဉ်းထောင်တွေဆီ ပို့ထားပါတယ်။

ရှမ်းပြည်မှာ ဗမာအစိုးရတပ်ရင်းပေါင်း (၁၅၀) ကျော် စခန်းချထားပါတယ်။ ဒီတပ်ရင်းတွေဟာ ကိုယ့်ဝမ်းစာ ကိုယ်ရှာရတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တာမို့ လယ်ယာမြေသိမ်းယူမှု၊ ဆက်ကြေးကောက်ယူမှု အဓမ္မစေခိုင်းမှု- အဓမ္မရွှေ့ပြောင်းမှုတွေ မကြာခဏလုပ်နေတဲ့အတွက် ကျေးလက်ရှမ်းယဉ်ကျေးမှုထိမ်းသိန်းဖို့ခက်ခဲလာပါတယ်။ ဗမာစစ်တပ်ကြောင့် ရှမ်းယဉ်ကျေးမှုပျက်စီး ပျောက်ကွယ်နေတာကို လူသိနည်းနေကြောင်းရှမ်းအမျိုးသမီး ကွန်ရက်က တင်ပြထားပါတယ်ခင်ဗျား။
မမြင်ရတဲ့ရှမ်းပြည်  (ဦးအောင်ခင်စာအုပ်စင်)
Forbidden Glimpses of Shan State by SWAN

No comments:

Post a Comment