Wednesday 25 May 2011

ဗမာ့(မြန်မာ့) စစ်ဝါဒအောက်မှလူမျိုးများနှင့် ဗုဒ္ဓသာသနာ (၃)

အခန်း(၄)

ရခိုင်ယဉ်ကျေးမှု

ပထမ ဓည၀တီမြို့တည် မာရယုမင်းမှ အစပြု၍ ရခိုင်ယဉ်ကျေးမှု ထွန်းကား လာသည် ဟုဆိုကြသည်။ နတ်ကိုးကွယ်မှုကို အခြေခံသော ဟိန္ဒု ယဉ်ကျေးမှုသည် ရခိုင် ပြည်၌ ထွန်းကားခဲ့သည်။ ဟိန္ဒုယဉ်ကျေးမှုနှင့် အတူ မြောက်ပိုင်း ဗြာဟ္မီအက္ခရာ စာပေ အရေး အသား လည်း ထွန်းကားလာသည်။ ထို့ပြင် ဗြာဟ္မီအက္ခရာမှ မရမာစာ (မရမာဘာသာ) သို့မဟုတ် ရခိုင်စာ အရေးအသားကို ထီထွင် နိုင်ခဲ့ကြသည်။ က အစ အံ အဆုံး ၃၃ လုံးသော အက္ခရာ ဗျဉ်းနှင့် သရ တို့ကို စနစ်တကျ ထီထွင်နိုင်၍ ဆျန်းပညာဖြင့် အက္ခရာတို့ကို စနစ်တကျ ခွဲခြား နိုင်ခြင်းကြောင့် အင်း အိုင် ခလုတ် မန္တံ ဂါထါ စသော ဂန္တရီ အတတ်ပညာ များ ထွန်းကားလာသည်။ မန္တံ (သွားစေခြင်း) ဂါထါ (လုံချုံခြင်း) တို့ကို ဒီဃ ရဿ နှင့်ထန် ကရိုင်း ကျစွာ ဖွဲ့တတ်လာသောအခါ၊ ထိုထက် ကျော်လွန်၍ ကပျာ(ကဗျာ) လင်္ကါ အဲ အံ သာခြင်း ရတု ရကန် လုံးတီး လုံးတား စသည်တို့ကို ရေးသား သီဆို လာနိုင်ခဲ့ကြသည်။ ထို့ပြင် အသံကို ဌာန်ကရိုင်းကျစွာ သီဆိုနိုင်ရန် အတွက် စည်း ၀ါး စောင်း ညှင်း ပတ်သာ စသော တူရိယာ တို့ကို ဖန်တီး ခဲ့ကြသည်။ အချုပ်ဆိုရသော် ရခိုင်တို့၏ မရမာ ယဉ်ကျေးမှုသည် ဟိန္ဒု ယဉ်ကျေးမှုကို ထီထွင် ဆန်းသစ်ခြင်းပင် ဖြစ်လေသည်။ပြီး))))

ရခိုင်စာပေဆင်းသက်ရာလမ်း

ရခိုင်စာပေ ဆင်းသက်ရာ လမ်းအစသည် ကမ္ဘာကြီးတွင် လူ့ယဉ်ကျေးမှု ဖြစ်ပေါ်ရာ တခုအဖြစ် သတ်မှတ်ခဲ့ကြသော အိန္ဒိယ နိုင်ငံ အိန္ဒုမြစ်ဝှမ်း ပန်ဂျပ်နယ်မှ အစပြုသည်။ အိန္ဒုမြစ်ဝှမ်း ပန်ဂျပ်ယဉ်ကျေးမှုကို ဆန်းသစ်ကါ ခတ္တိယအနွယ်တို့၏ မဇ္ဇျိမဒေသသည် ယဉ်ကျေးမှု အမြင့်မားဆုံးသို့ ရောက်ရှိခဲ့သည်။
ဗြာဟ္မဏ အယူဝါဒ၏ ကိုးကွယ်မှုဆိုင်ရာ၌ လူတို့ကို မကေါင်းသော ဂြိုလ်နှင့် မိစ္ဆာ အမျိုးမျိုး တို့၏ အန္တရာယ်မှ အကါအကွယ် ပေးပါဟူသော နတ်များကို ပူဇော်ပသရန် ဂါထါ (လုံချုံခြင်း) များကို ဖန်တီးခဲ့ကြသည်။ ထို့ပြင် သာမ ယဇု ဣရှု ဗေဒင်ကျမ်း သုံးကျမ်းကို ဖန်တီးခဲ့ကြသည်။ ထို့နောက် အာယဗ္ဗာန် မည်သော မန္တရား (သွားစေခြင်း) နှင့် ဂါထါ တို့ကိုစုပေါင်း၍ အာတဗ္ဗဏ ဗေဒင်ကျမ်း ထွက်ပေါ်လာသည်။ ဥပနိသျှခေတ် ဟုဆိုကြသော ဗြာဟ္မဏတို့၏ အတ္တနှင့် ဗြာဟ္မဏ၀ါဒ လွန်ပြီးမှသာလျှင် မဟာဘာရတလင်္ကါနှင့် ရာမာယနလင်္ကါ တို့ကို အကြောင်းပြု၍ အိန္ဒိယနိုင်ငံတွင် စာပေ ယဉ်ကျေးမှုခေတ် ထွန်း တောက် လာသည်။
အိန္ဒိယနိုင်ငံ မဇ္ဇျိမ ယဉ်ကျေးမှု၏ သက္ကတ စာပေမှတဆင့် ရခိုင်စာပေသို့ ဖန်တီးယူခဲ့ ကြသည်။ ယနေ့ မြန်မာနိုင်ငံ ဟုခေါ်သော ဗမာပိုင် နယ်မြေတွင် လူမျိုးတိုင်းဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုတွင် ရခိုင် လူမျိုးတို့သည် ရှေ့တန်းမှ ရှိနေပေသည်။ အချုပ်ဆိုသော် မြန်မာနိုင်ငံ၌ ယနေ့ ထွန်းကားနေသော ယဉ်ကျေးမှုသည် ရခိုင်ယဉ်ကျေးမှု ပင်ဖြစ်သည်။ ပြီး)))


ရခိုင်စာပေ

ဓည၀တီ ရခိုင်ပြည်၏ စာပေ တိုးတက်မှု အစပိုင်းတွင် မြာက်ပိုင်း ဗြာဟ္မီ အက္ခရာဖြင့် ရေးထိုးထားသော သံတွဲ ငလွမ်းမော် ကျောက်စာ တောင်ပေါက်ကြီး ကျောက်စာ အုတ်ခွက်စာ မြေလျှူစာ ခေါင်းလောင်းစာ ဒင်္ဂါးစာ တို့မှာ အထင်ရှားဆုံး ဖြစ်လေသည်။ တတိယ ဓည၀တီခေတ်တွင်မူ ကိုယ်ပိုင် စာပေကို တီထွင် သုံးစွဲ ရေးသား လာနိုင်ခဲ့ကြသည်။ ဝေသာလီ ကျောက်လှေကါးခေတ်တွင် ဗျည်းနှင့် သရတို့ကို စနစ်ကျစွာ ဆျန်းမှန်စွာ သုံးစွဲရေးသား လာနိုင်ခဲ့ကြသည်။ ထိုခေတ်တွင်ရေးသော ရကန် သုံးပုဒ်ကို ကြည့်က စာပေ အဆင့်အတန်း မည်မျှ ရှိသည်ကို သိနိုင်လောက်ပါသည်။ ဝေသာလီခေတ်တွင် ရခိုင်သားတို့ ရေးသားသော က အစ အံ အဆုံး ၃၃ လုံးသော အက္ခရာတို့သည် ယနေ့ ရေးသား နေကြသော မြန်မာစာပင် ဖြစ်ပါသည်။ ပြီး)))

စာပေဆက်နွယ်မှု

ယခု မြန်မာစာ ဟုခေါ်သော က အစ အ အဆုံး ၃၃ လုံး အက္ခရာ များကို အသုံးပြု ရေးသားသော လူမျိုးများမှာ ဗမာ ရခိုင် ရှမ်း မွန် ကရင် မြုံ သက် နှင့် ထိုသူတို့နှင့် ဆက်နွယ်မှု ရှိသော သူများဖြစ်သည်။ အထူးသဖြင့် ဗမာသည် ပျူမှဆင်းသက် လာသည့်အတွက် ပျူစာသည် ဗမာတို့၏ မူရင်းမိခင် စာသာဖြစ်သည်။ မြမ္မာစာသည် ပျူစာနှင့် အက္ခရာ တူသော် လည်း အသံထွက် စာလုံးပေါင်း ကွဲလေသည်။ မြစေတီ ကျောက်စာကို ဗမာတို့က ငါတို့စာ ဟုဆိုသော်လည်း မူလအသံနေ အသံထားအတိုင်း မဖတ်နိုင်ပါ မဖတ်တတ်ပါ။ ဤစာကို မူလအသံနေ အသံထားအတိုင်း ဖတ်တတ်သော လူမျိုးမှာ ရခိုင်ကိုလည်းမသိ ဗမာကိုလည်း မသိ ရခိုင်စကားပြော၍ မိမိကိုယ်ကို လူဟုသာ အမည်ခံသော မိဘရိုးရာ တောင်စာကို တတ်သော မြောက်ဦးခေတ် စာဖတ်နည်းစနစ် ကိုတတ်သော ဘင်္ဂလာဒက်ချဲ့ နိုင်ငံ ဗိုလ်မင်းထောင် နှင့် ဖလံထောင် ဒေသနေ ရှေးဟောင်းရခိုင်များနှင့် အိန္ဒိယနိုင်ငံ မြုံပြည်နေ ရခိုင်သားများသာ ဖြစ်လေသည်။ အနော်ရထာမင်းနှင့် ကျန်စစ်သားမင်း နှစ်ဆက် အတွင်း ပုဂံခေတ် မြန်မာစာ အရေးအသားကို အထူး သတိ ချပ်သင့်သည်မှာ နှစ်ပေါင်း ၂၀ မရှိမှီ ပါဠိ ပါဒ် အနက် ပါမကျန် ရေးတတ်သည်မှာ အံ့ချီး ဖွယ်ရာ ကောင်းလှပါတော့သည်။ပြီး)))ပြီး၀၀)

အက္ခရာရေးနည်းနှင့်အသံထွက်

ရခိုင်အက္ခရာ ရေးပုံရေးနည်းမှာ သင်္သကရိုက် ဘာသာမှ ဆင်းသက် လာသည်။ သင်္သကရိုက် ဘာသာကို ပွားယူ၍ ရခိုင်အက္ခရာကို ဖန်တီး ယူခဲ့ကြသည်။ ဥပမာ သင်္သကရိုက် ဘာသာ၏ (+)အက္ခရာကို ရခိုင်အက္ခရာ (က) အဖြစ်၊ အထက်နှင့် အောက်ကို ဖျက်ကါ အလယ်သား တိတိကို ယူ၍ ရခိုင်အက္ခရာ အဖြစ် အသွင်ပြောင်းလွဲ ယူနိုင်ခဲ့ကြသည်။ အ အက္ခရာကို မူတည်၍ အသတ်များခွဲကါ အသံထွက်ခြင်း သရ များကို စနစ်တကျ သုံးစွဲလာနိုင် ခဲ့ကြသည်။ ၁ (တစ်) အစ ၀ (သုည) အဆုံး ဆယ်လုံးသော ဂဏန်း အက္ခရာ ပညာကို သင်္သကရိုက် ဘာသာမှ ဆင့်ပွား ယူနိုင်ခဲ့ကြသည်။ သင်္သကရိုက် (ချင်းချခီးတီး) ဘာသာသည် အသံရှည်၏။ ပါဠိဘာသာနှင့် ရခိုင်ဘာသာမှာ အသံလတ်ဖြစ်၏။ သို့သော် ပါဠိ အက္ခရာ အသံထွက် ထက် ရခိုင် အက္ခရာ အသံမှာ အနည်းငယ် ရှည်လေသည်။ ပါဠိဘာသာ အသံ ထွက်သည် ရခိုင်အက္ခရာ အသံထွက်ထက် ပြတ်သား၏။ သင်္သကရိုက် ပါဠိ နှင့် ရခိုင်အက္ခရာ အသံထွက် သုံးမျိုးတွင် ပါဠိမှာ အကေါင်းဆုံး ဖြစ်လေသည်။ ပါဠိစာ ရေးပုံ ရေးနည်းကို ဟိန္ဒု တို့ ဖျောက်ဖျက် ခဲ့ကြသဖြင့် ပါဠိစာ အရေးအသား ကို၎င်း ပါဠိစာ ရေးတတ်သူကို၎င်း မတွေ့မြင် ကြရတော့ပေ။ ပြီး))ဝ

အက္ခရာနှင့်စာပေ

ရေးသားသုံးစွဲ၍ မကုန်နိုင်သောကြောင့် အက္ခရာဟု ခေါ်သည်။ အက္ခရာတွင် ဗျည်းနှင့် သရဟူ၍ နှစ်မျိုးရှိသည်။ ဗျည်း တလုံးသည် မတြာခွဲ (အသံတ၀က်) အသံရှိ၍ သရမှာ တစ်မတြာ အသံရှိလေသည်။ လက်ဖျစ် တတီးကို တစ်မတြာဟု ခေါ်၍ အသံထွက်သည်။ ဗျည်းမှာ မတြာခွဲ တ၀က်အသံသာ ရှိသဖြင့် အသံ အပြည့်အစုံ မထွက်ပေ။ အက္ခရာ တလုံးချင်းစီ ဖြစ်သော ဗျည်းကို အသံအပြည့် ပါရှိသော သရ အက္ခရာနှင့် ပေါင်းစပ် လိုက်သောအခါ စာပေ၏ အဆင်း တန်ဆာလည်း ပြည့်စုံ သွားလေတော့သည်။ အသံလည်း ရှိလာတော့သည်။
ရခိုင်တို့၏ က အစ အံ အဆုံး ၃၃ လုံးသော အက္ခရာတို့တွင် ဒီဃ ရဿ ဒြပ် လိင် နတ်စောင့် နက္ခတ်စောင့် စသည်ဖြင့် အက္ခရာ တလုံးစီ တလုံးစီကို ခွဲခြမ်း စိတ်ဖျာ၍ ပညာရှိတို့က ဆျန်းဝင်အောင် တီထွင်ဖန်တီး ပေးခဲ့ကြသည်။ ထို့ပြင် ၁(တစ်)အစ ၀(သုည) အဆုံး ဆယ်လုံးသော ဂဏန်း အက္ခရာ သည်လည်း သင်္သကရိုက်နှင့် တန်းတူ အဆင့်တွင် ရှိလေသည်။ ၁(တစ်) အစ ၀(သုည) အဆုံး ဆယ်လုံးသော ဂဏန်း သင်္ချာ အက္ခရာကို အိန္ဒိယ နိုင်ငံပြီးလျှင် ယခင် ရခိုင် နိုင်ငံ တို့တွင်သာ ပထမ သုံးစွဲ ရေးသား ခဲ့ကြလေသည်။ပြီး)))

ပုဂံရောက်ရခိုင်

ပုဂံပြည်တွင် အနော်ရထာမင်းသည် ခရစ်သက္ကရစ် ၁၀၄၄-၁၀၇၇ ခုနှစ်ထိ ထီးနန်း စိုးစံခဲ့သည်။ ရခိုင်ပြည် ပဉ္စာမြို့ခေတ် မင်းဘီလူး ၁၀၆၂-၁၀၆၈ ကို လုပ်ကြံ၍ ကြားမင်း (သာဂီနွယ်မဟုတ်သူ) ၀ရောင်းငှက် သင်္ခယာ ထီးနန်း ရရှိလာသည်။ သာဂီနွယ်ရိုး မင်းဘီလူး ၏သား မင်းရဲဘယ သည် သားတော် လင်္ကျာမင်းနန် ကိုခေါ်၍ နောက်လိုက် တစ်ထောင် ခန့်နှင့် (လူပေါင်း ၇၅၀ ဟုဆိုသည်) ပုဂံပြည် အနော်ရထာမင်းထံ ခိုလှုံလေသည်။ ကျန်စစ်သားမင်း လက်ထက်တွင် လင်္ကျာ မင်းနန်ကို နန်းတင်ရန် ရခိုင်ပြည် ကို တိုက်ခိုက် ခဲ့လေသည်။ ထိုသို့ တိုက်ခိုက်ခဲ့ သော်လည်း ရခိုင် ထီးနန်းမရရှိခဲ့ပေ။ တောင်စဉ် ၇ ခရိုင်ကို သာလျှင် သိမ်းယူ သွားလေသည်။ အလောင်း စည်သူမင်း လက်ထက်မှ လင်္ကျာမင်းနန်မှာ ရခိုင် ထီးနန်းကို ပြန်လည် ရရှိလေသည်။ အနော်ရထာ စောလူး ငရမန် ကျန်စစ်သား အလောင်းစည်သူ မင်းငါးဆက် ၃၅ နှစ်ကြာမျှ ပုဂံပြည်တွင် ရခိုင်သားတို့ နေထိုင်ခဲ့ကြ လေသည်။ပြီး))))

ပုဂံရောက်ရခိုင်စာအရေးအသား

ပုဂံပြည်ရောက် လင်္ကျာမင်းနန်နှင့် နောက်လိုက်တို့မှာ ဗုဒ္ဓ၀ါဒနှင့် စာပေကို မပြတ် လေ့လာ ဆည်းပူး ကြမည်မှာ မလွဲပေ။ ရခိုင်တို့၏ စာပေ ယဉ်ကျေးမှု အလေ့အထ ဗုဒ္ဓဘာသာ ကိုးကွယ်မှု တို့ကို ပုဂံသားတို့ မုချတွေ့မြင် ကြရမည် ဖြစ်သည်။ အနော်ရထာမင်းသည် သထုံမှ ရှင်အာရဟံ ပုဂံသို့ မရောက်မှီ ကတဲကိုက ရခိုင်သို့ စစ်ချီဖူးလေရာ ရခိုင်သားတို့ ကိုးကွယ်သော ဗုဒ္ဓဘာသာနှင့် မိမိတို့ ကိုးကွယ်သော ကါမကို အလျှူခံသော အရည်းကြီး ဗုဒ္ဓသာသနာ တို့၏ ကွဲပြား ခြားနားမှုကို တွေ့ခဲ့ရမည်ဖြစ်သည်။ ပုဂံခေတ်တွင် ပုဂံနှင့် မဇ္ဈိမဒေသသည် ကူးလူး ဆက်ဆံမှု မရှိသည့် အတွက် စာပေရေးသားရာ၌ မြောက်ပိုင်း ဗြဟ္မီ အက္ခရာအစား ပျူစာကိုသာလျှင် အဓိက ရေးသားသုံးစွဲ ကြလေသည်။ ထို့ပြင် ပျူခေတ်နှင့် ပုဂံခေတ်တွင် ရေးထိုးထားသော ကျောက်စာများမှာ ရခိုင်ပြည်ရှိ ကျောက်စာများထက် နောက်ကျကြောင်း ပညာရှင်များ လက်ခံထားကြသည်။ ဤနေရာတွင် တခုသတိ ထားသင့် သည်မှာ မွန်ထက် ဗမာသည် ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုမှာ စောနေခြင်းပင် ဖြစ်ပါသည်။
ပုဂံသားတို့သည် ယဉ်ကျေးမှု မြင့်မားသော ရခိုင်တို့၏ စာပေ ယဉ်ကျေးမှု အတတ် ပညာကို အတုယူ၍ စာပေရေးသားမှု တိုးတက်လာသည်။ ထို့ကြောင့် လေးလုံးစပ် ဖြစ်သော တူရွင်းတောင် ကဗျာနှင့် အနန္တသူရိယ အမတ်၏ မျက်ဖြေ လင်္ကါ အဆုံး စာပေရေးသား ဖွဲ့နွဲ့ပုံမှာ ရခိုင်၏ ဖွဲ့နွဲ့ပုံနှင့် အတူတူပင် ဖြစ်ပါသည်။ ပျူခေတ် ပုဂံခေတ် မင်းနှင့် ပြည်သူ တို့၏ နာမည် ပေးပုံစနစ်မှာ ရခိုင်နှင့် အနီးစပ်ဆုံး တူလေသည်။ ဤပုဂံခေတ်တွင် အစပြု၍ ပျူ နာမည်ပေး နည်းစနစ်မှ ရခိုင်တို့၏ နာမည်ပေး နည်းစနစ်ကို အတုယူကါ ဗမာတို့ နာမည်ပေး လာကြသည်ကို တွေ့ရလေသည်။ ပင်းယ အင်းဝ ခေတ်တွင်မူ ရခိုင် နာမည်ပေးပုံ စနစ်နှင့် ဗမာနာမည် ပေးပုံစနစ်မှာ အတူတူလောက် နီးပါးဖြစ်လာလေသည်။ အင်းဝခေတ် နာမည်ကြီး ပုဂ္ဂိုလ်များဖြစ်သော ရှင်မဟာရဌသာရနှင့် ဘုရင်မင်းခေါင် တို့မှာ မြောက်ဦး မြို့တွင် ပရိယတ္တိ စာပေ သင်ကြားခဲ့ဖူးကြောင်း အထောက်အထား ရှိနေသည်။ ဗမာမင်း အဆက်ဆက်သည် မွန်တို့ထံ၌ ပညာဆည်းပူးကြောင်း သမိုင်းတွင် မတွေ့ရပေ။
ဗမာတို့သည် ပုဂံခေတ်မှစ၍ ရခိုင်နှင့် ပျို့ ကဗျာ လင်္ကါ ရကန် ရေးဟန်များမှာ အတူတူပင်ဖြစ်သည်။ သို့သော် ဝေါဟာရ မကြွယ်သော ဗမာတို့မှာ ကန်းပိုင်ကို ကန်ပိုင်ဟု ရေးသည်မှအပ အသံထွက်မှအစ ကွဲပြားမှု မရှိပေ။ ပုဂံခေတ် စာပေ ယဉ်ကျေးမှုထက် စောစီးစွာ ပျို့ ကပျာ(ကဗျာ) လင်္ကါ အဲ အံ သာခြင်း နှင့်တကွ အဘက်ဘက်မှ စာပေ အရေး အသား ပြည့်စုံပြီး ဖြစ်နေသော ရခိုင်စာပေကို ဗမာတို့ မသိကျိုးကျင်ပြု၍ မြန်မာစာကို မွန်တို့ထံမှ ရသည်ဟု ဆိုကြလေသည်မှာ ပြောအားရှိ၍ ပြောခြင်းသည်သာ ဖြစ်ပါပေလိမ္မည်။ မင်းဘီလူး နန်းကျ အေဒီ ၁၀၆၈ မှ လင်္ကျာမင်းနန် နန်းရသည့်နှစ် အေဒီ ၁၁၀၃ ထိ ကြားကါလ ၃၅ နှစ်အတွင်း ပုဂံတွင် ရခိုင်သားတို့ နေထိုင်ခဲ့ကြသည်။ ရခိုင်ပြည်မှ လူတထောင်ခန့် ပုဂံတွင် ၃၅ နှစ်တိုင် နေထိုင်ခဲ့ ကြသည့်အတွက် လူမှုရေး နိုင်ငံရေး စီးပွားရေး ဘာသာရေး တို့မှာ တနည်းမဟုတ် တနည်းနှင့် ဆက်နွယ်မှု ရှိခဲ့ကြမည် ဖြစ်သည်။ ထိုအချိန်က ပုဂံတွင် စစ်မှန် သော ဗုဒ္ဓအယူဝါဒ ထွန်းကားစ ပြုနေရာ ဗုဒ္ဓ၏ စစ်မှန်သော အယူဝါဒ ရှိသော ရခိုင်လူမျိုး တို့ကို ပုဂံသားတို့ အလိုရှိကြမည်မှာ မလွဲပေ။ ပျူစာမှ မြမ္မာစာသို့ အကူးနှစ်ပေါင်း ၂၀ ကျော် အတွင်းတွင် မြစေတီ ကျောက်စာကို ရေးခဲ့သည်။ ဤသို့ ရေးနိုင်သည်မှာ ရခိုင်သားတို့ ကြောင့်ပင် ဖြစ်သည်။ မြစေတီကျောက်စာတွင် ပျူစာ မွန်စာ ပါဠိ (မြမ္မာ)စာ မြမ္မာစာ လေးခုနှင့် ရေးထိုးထားရာ မြမ္မာဘက်သည် ရခိုင်ကို ကိုယ်စားပြု၍ ရေးထိုးထားသော စာသာ ဖြစ်လေ သည်။ပြီးး))))

စာပေနှင့်ကိုယ်စားပြုမှု

မည်သည့် စာပေမဆို လူမျိုးတမျိုးကို ကိုယ်စားပြုလေသည်။ ထို့ပြင် လူတန်းစား တရပ် ကိုကိုယ်စား ပြုပြန်လေသည်။ ထို့ပြင် လူတစု တဖွဲ့ တဂိုဏ်း ကိုကိုယ်စား ပြုပြန်လေ သည်။ စာပေသည် လူမျိုးတမျိုး၏ အဆင်းတန်ဆာနှင့် တူသည်။ စာမျိုးစုံကို လူတဦးတည်း မရေးသားနိုင် ပညာရှင်သည် မိမိအားသန်ရာကို ဦးစားပေး၍ ရေးသားကြလေသည်။ ပညာရှင် တို့သည် ပျို့ ကဗျာ အဲ အံ စသော အဖွဲ့ အနွဲ့မျိုးစုံဖြင့် ထိုလူမျိုး၏ စာပေ ယဉ်ကျေးမှု နှင့် လူ့ယဉ်ကျေးမှုကို ရှေ့ဆောင်မှု ပေးလေသည်။ စာပေကို လူတန်းစား တရပ်၏ ရှေ့ဆောင်မှု အောက်တွင် ထားရှိလာသော အခါ ထိုလူတန်းစားကို ကိုယ်စားပြုသော စာပေနှင့် ယဉ်ကျေးမှု သာ ထွန်းကားလာသည်။ စာပေကို လူတစု တဂိုဏ်း တဖွဲ့တို့က ချုပ်ကိုင်လာသော အခါ၌မူ ထိုလူတစု၏ ကောင်းကျိုးရေးကို ရှေးရှုသော ကိုယ်စားပြုသော စာပေနှင့် ယဉ်ကျေးမှု သာ ထွန်းကါး လာတော့သည်။ ပြီး))))

ဗမာတို့၏ ဘာသာပြန်ခြင်းနှင့် စာပေရေးသားခြင်းစနစ်

စာပေတခုကို စာပေတခုသို့ အနက် အဓိပ္ပါယ် ပြည့်စုံအောင် ဘာသာ ပြန်မှသာလျှင် လူအများ နားလည်မည်ဖြစ်သည်။ မရမ္မ ရတ္ထေ ။ မရမ္မ မြန်မာတို့၏ ရတ္ထေ တိုင်းဌာနေ၌ ဟူ၍ ဘာသာပြန်ပါသည်။ ဤဘာသာ ပြန်ခြင်းသည် လူများ နားလည်မှု မရှိအောင် ဘာသာပြန် ထားခြင်းဖြစ်သည်။ မရမ္မ ရတ္ထေ။ မ ငါ ၊ ရမ္မ မွေ့ခြင်း၊ ငါမွေ့ခြင်း၊ ငါဟူသော အတ္တဘော၌ သိမ်မွေ့သော နေရာသည် နှလုံးသာရှိသည်။ ထို့ကြောင့် မရမ္မ ပုဒ်ကို နှလုံးသိမ်မွေ့ ညူးညံ့သော လူမျိုးတို့ ရတ္ထေ နေထိုင်ရာတိုင်းပြည် ဒေသ၌။ ဟူ၍ဘာသာပြန်မှ သာလျှင် အမှန်နှင့် အနီး စပ်ဆုံး ရှိလိမ္မည်။ ထို့ပြင် ကျောင်းသုံးစာအုပ်၌ တရံရောအခါ ဘုရင်မင်းထီး သည်ဟု အစချီ၍ ရေးထားပါသည်။ လူမျိုးလည်းမပါ။ တိုင်းပြည်လည်းမရှိ။ အကြောင်းအရာလည်း မပြည့်မစုံ။ ဤသို့ရေးသည်မှာ မူလကို ဖျောက်ဖျက်လို၍ဖြစ်သည်။
ခရစ်သက္ကရာဇ် ၁၂၈၃ ခုနှစ် ဓည၀တီ ရခိုင်ပြည်တွင် လောင်းကြတ်မြို့ကို အစိုးရသော ဘုရင် မင်းထီးသည် ဟု ရေးလျှင် ရခိုင်သားဟု သိမည်ကိုစိုး၍ မရေးခြင်း ဖြစ်သည်။ ဤသို့ဘာသာပြန်ခြင်းနှင့် စာပေရေးသားမှု စနစ်သည်သာလျှင် ဗမာပြည်၌ ရှိနေရာ ဗမာတို့၏ လျို့ဝှက်ထားသော လူမသိစေလိုသော အကြောင်းအရာပေါင်း များစွာရှိနေ သေးရာ ကြည့်တတ်သောသူ ရှာတတ်သောသူ သာလျှင် တွေ့ပါလိမ္မည် မြင်ပါလိမ္မည်။ပြီး)))

ဗမာတို့၏စာပေရေးသားမှုပုံစံစနစ်

ဘိုးတော် သိကြားမင်း ကြီးသည် နတ်ပြည်သို့ နတ်သားအရောက် နဲသည်ကို အကြောင်း ပြု၍ အောက်ရပ်လူ့ပြည်ကို ကြည့်လေလျှင် ဒါန သီလ ဘာဝနာ ကို ကျင့်ကြံသူတို့ ကို မတွေ့ရှိလေရကါး စိတ်ပျက်လျှက် နတ်သဘင်ပွဲတွင်သာ အမှုမဲ့ အမှတ်မဲ့ ပျော်ရွင်လျှက် ရှိနေလေသည်။
ထိုသို့သော အချိန်၌ သုံးယောက်သော လူသည် သေဆုံးလျှက် မည်သည့်နေရာဘုံသို့ သွားရမည့် လမ်းကိုမသိဘဲ ရှိနေလေ၏။ ထိုအကြောင်းကို ငရဲ မင်းကြီးသည် မြင်လေသော် ထိုလူတို့ကို ခေါ်ယူ၍ ဤ သူသည်ကါး နတ်ပြည် ဤသူသည်ကါး ငရဲပြည် စသည်ဖြင့် ထိုသူတို့ နှင့် တန်သော ဘုံကိုသိနိုင်ရန် မေးမြန်းစစ်ဆေး လေသည်။
ငရဲယမမင်းကြီးသည် တယောက်သောလူကို ခေါ်၍ အမောင် သင်သည် လူ့ရပ်ရွာ၌ အဘယ်သော ကောင်းမှုကိုလုပ်၍ အသက်မွေးခဲ့သနည်း။ ဟုမေးလေ၏။ထိုယောင်္ကျားလည်း အရှင် ယမမင်း အကျွှန်သည်ကါး မကေါင်းသော အသက်မွေးမှု မရှိပါ။ နွားမွေး၍ ဖြူစင်သော နို့ရည်တို့ကို ရောင်းချ လှုတန်း၍ အသက်မွေးပါသည် ဟုဆို၏။ ဤစကါးသည် အမှန်ပင်လော တရားလို သက်သေထွက်မည့်သူရှိသလော။ ဟုဆိုလေလျှင် နွားမတကေါင်သည် လာလတ်၍ အရှင် ယမမင်း ဤသူသည် အကျွှန်ုပ်မ၏ နို့ကိုရောင်း၍ အသက်မွေးပါသည်။ ဤအကြောင်း ကြောင့် ပင်လျှင် နို့ကိုလုံလောက်စွာ မစားသုံးရသော အကျွှန်ုပ်မ၏သား သေဆုံး ရပါသည် အရှင်။ ဟုဆိုလေသောအခါ ယမမင်းလည်း သူတပါး မျက်ရည်စာနှင့် အလျှူ လုပ်သည်ဟု ဆိုကါ ငရဲအိုးသို့ ပစ်ချလေသည်။
ဒုတိယသော လူကို ခေါ်ယူ၍ မေးပြန်လေ၏။ အရှင် ယမမင်း အကျွှန်သည်ကါး ပျားရည် ရောင်း၍ အသက်မွေးပါသည် အရှင်။ လူကေါင်း ရှင်မွန် လူနာ ရောဂါသည် တို့ပါမကျန် ပျးရည်ကြောင့် အသက်ချမ်းသာရာ ရပါသည် အရှင် ပျားရည်ကိုလျှူ၍ ဒါနလည်း လုပ်ပါသည် အရှင်။ ဟုဆိုလေလျှင် ယမမင်းလည်း တရာလို သက်သေ ရှိ၏လော ဟုဆိုသော အခါ ပျားတို့သည် လာလတ်၍ အရှင်ယမမင်း ပျားအုံကို မီးတိုက်၍ ပျားရည်ကိုယူပါသည်။ လူ့လောက၌ ဆေးသတ် ပျားဖွတ် နွားသင်းသတ် လူသတ်အမျိုး မယားခိုး ဟူသော အပြစ်ကြီး ငါးမျိုးထဲမှ တခုသော မကောင်းမှုနှင့် အသက်မွေးသူသာ ဖြစ်ပါသည် အရှင်ဟုဆိုလေလျှင် ယမမင်းကြီး သည်လည်း သူတပါးအသက်ကို သတ်၍ ကေါင်းမှုလုပ်ခြင်းသည် ကုသိုလ်မဖြစ် အကျိုးမရှိ ဟုဆို၍ ပျားရည် သမားကို ငရဲအိုးသို့ ပစ်ချလိုက်လေသည်။
ထို့နောက် တတိယ လူကိုခေါ်ယူ၍စစ် ဆေးပြန်၏။ အရှင်ယမမင်း အကျွှန်သည်ကါး သူရာ မည်သော အရက်ကို ရောင်း၍ စားလည်းစား ကုသိုလ်ဒါနလည်း လုပ်ပါသည် အရှင်။ ဟုဆိုလေ၏။ ထိုအခါ ယမမင်းကြီးက ငါတို့သုံးစွဲသော သူရာ အရည်လော ဟုမေးလျှင် မှန်ပါသည် အရှင် ဟုဆိုပြန်၏။ ထိုသောအခါ ယမမင်းကြီးလည်း ငါတို့သုံးသော သူရာအရည်၌ အပြစ်ရှိမရှိ သူရာအရည် ရောင်းသော ဤသူအပေါ်၌ အပြစ်ရှိမရှိ သိနိုင်ရန် တရားလို သက်သေကို ခေါ်လေသည်။ ယမမင်းကြီးထံသို့ သူရာအရက် မကောင်းကြောင်း သက်သေ ခံရန် တဦး တလေမျှ ရောက်မလာ တရားခုံရုံးသည် ငြိမ်သက်နေ၏။ တကြိမ် နှစ်ကြိမ် သုံးကြိမ် တိုင်ခေါ် သော်လည်း သက်သေ ထွက်ရန် တဆေး နှင့်ဆန်တို့ ရောက်မလာသည့် အတွက် ထိုသူကို ငရဲယမမင်းကြီးသည် နတ်ပြည်သို့ သွားသော ရထါးပေါ်၌ တင်ပို့ပေး လိုက်လေ သည်။ ဤအရေး အသား အကျင့် မူလ စာမျိုးကိုသာလျှင် ဗမာပြည်၌ အတွေ့ရများလေသည်။ ပြီး))))

စာပေနှင့်အရသာ

အီတလီ လူမျိုးတို့သည် ဒန်တီကာပူတို ရေးသော ဒီဗိုင်းကူမီတီ ၏ အရသာကို ခံစား တတ်ကြမည် ဖြစ်သည်။ ထို့အတူ အသျှင်အဂ္ဂသမာဓိ၏ နေမိဘုံခန်းပျို့ကို ဗမာတို့ အရသာ ခံစားတတ် ကြမည်ဖြစ်သည်။ ဗမာသည် ဒန်တီ၏စာပေကို အီတလီ တို့လောက် မခံစားနိုင်သလို အီတလီ တို့သည်လည်း နေမိဘုံခန်း ပျို့ကို ဗမာတို့လောက် ရသမြောက် မခံစား နိုင်ပေ။
မိမိလူမျိုး၏ အယူအဆ အတွေးအမြင်နှင့် ပြည့်စုံသော စာပေ၏ အရသာ ကိုသာလျှင် မိမိတို့ ကိုတိုင် ရသမြောက် ခံစားနိုင်လေသည်။ စာပေတခုကို ဘာသာ တခုမှ ဘာသာတခုသို့ ဘာသာပြန် ကူးပြောင်းရာ၌လည်း ဆီလျှော်အောင် ဘာသာပြန်ခြင်းနှင့် ရသမြောက် ခံစား ဘာသာပြန် ခြင်းတို့မှာ လွန်စွာ ကွဲပြား ခြားနားလေသည်။ လူမျိုးတမျိုး၏ စာပေကို ဘာသာခြား စာပေတခုသို့ ရသမြောက် ခံစား ဘာသာ မပြန်နိုင်ပါက ထိုလူမျိုး အတွက် မည်မျှပင် ကောင်းစေကာမူ တခြားလူမျိုးအတွက် ရသမြောက် ခံစားမှုကို မပေး နိုင်ပေ။ပြီး)))

စာပေနှင့်ကျမ်းကိုးမှု

အများနှင့် သက်ဆိုင်သော စာပေများကို ရေးသားရာ၌ ကျမ်းအကိုးအကါး လိုအပ် လေသည် သို့သော် မိမိကိုးကါးသော ကျမ်းများ၏ မှား မှန် ကိုလည်း သိရန်လိုအပ်လေသည်။ စာပေရေးသား ပြုစုသူသည် အပျော်ဖတ် စာမဟုတ်သော အများနှင့် သက်ဆိုင်သော စာပေ ရေးသားရာ၌ ရေးသားသော ပုဂ္ဂိုလ်သည် အဂတိတရား ၄ ပါးကင်းရှင်းရန် လိုအပ်လေသည်။ သို့မှသာလျှင် ကျမ်းပြုသူရော ကိုးကါးသူပါ အပြစ်ကင်းလျှက် စာဖတ်သူများ၏ အားကိုးခြင်း ယုံကြည်ခြင်းကို ခံရပေလိမ္မည်။ စာအုပ်တအုပ်၏ အမှားနှင့် အမှန်ကို တနေ့မဟုတ် တနေ့ စာဖတ်သူသည် သိရှိလာပေလိမ္မည်။ သာဓကအားဖြင့် ထွန်းရွှေခိုင် ရေး ရခိုင်ထီးဆက် နန်းဆက် သမိုင်း စာအုပ်မှာ တင်ပြစရာ ဖြစ်ပါသည်။ ဤစာအုပ်ကို ရေးသူက အကြောင်းအရာ သက္ကရာဇ် တချို့ အနည်းငယ် မှားသည်။ ထိုအမှားကို စာပေစီစစ်ရေးမှ ဆောင်းပါး ပထမဆု ပေးလိုက် ခြင်းသည် ဆုရွေးချယ်ရေးအဖွဲ့၏ အရည်အချင်းကို ပြသရာရောက် ပေသည်။ ထို့ပြင် ဒေါက်တာ စံသာအောင်၏ THE MOG OR THE MAGH OR THE ARAKANESE OF BANGLADESH ဆောင်းပါးတွင် တြိပူရ ပြည်တွင် အခြေချသော ပင်မအုပ်စုမှာ မရမာကြီးဟု သိထားကြသည်။ ထိုအုပ်စုမှ တချို့တို့မှာ တြိပူရသို့ မသွားဘဲ ဘင်္ဂလီပြည် အရှေ့ပိုင်းတွင် နေထိုင်ပြီး မြို ဟူ၍ ထင်ရှားသည်။ (မရမာကြီး မှ မြို ဖြစ်သွားသည်)။ ကျွှန်ုပ်ဆိုလိုသည်မှာ ကမ္ဘောဇတို့မှာ ရခိုင်ပြည်က ဒုက္ခသည်များ ဖြစ်သည် ဟူ၍ပင် သူတို့ကို ယ္ခုအခါ မရမာကြီး သို့မဟုတ် မရမာ လူမျိုးဟူ၍ လူသိများနေ ကြသည်။(မရမာကြီးနှင့် မရမာ သည် အတူတူဟု ဆိုလိုသည်။)
တိုင်းပြည်နှင့် စာပေကို ဖျက်ဆီးရာ၌ အခြေခံ လူတန်းစား ဆင်းရဲသား စာမတတ် သူများ ဖျက်၍မပျက်။ ပညာရှင်များဖျက်၍သာ တိုင်းပြည်နှင့် စာပေပျက်စီး လေသည်။ စာပေ ရေးသား ရာတွင် သိလျှက်နှင့် အမှားရေးခြင်း မသိ၍အမှား ရေးခြင်း ငွေကြေး စားသောက်စရာ ပူပင်စရာ မလိုဘဲနှင့် အမှားရေးခြင်း ငါဟူသော အတ္တမာနတက်၍ အမှားရေးခြင်းတို့သည် မိမိ လူမျိုး တိုင်းပြည်နှင့် စာပေကို ဖျက်ဆီးခြင်းပင် ဖြစ်လေသည်။ ဥပမာ ရခိုင်ဝေါဟာရ အဘိဓါန် ကိုကြည့်ပါ။ မိမိလူမျိုး ၏ မိခင်ဘာသာစာ ဖြစ်သော မရမာဘာသာ ဟုခေါ်သော မြမ္မာစာကို ဗမာကို အပိုင်ပေးလျှက် ရခိုင်စာကိုမူ ပါးနပ်စွာ အသစ်ထွင် ရေးထားသည်ကို တွေ့ရပါလိမ္မည်။ ထို့ကြောင့် အဂတိတရား ၄ ပါး မလွတ်သော စာတို့ကို ကျမ်းကိုးကါးရန်မသင့်ပေ။ပြီး))))

No comments:

Post a Comment