Saturday 1 October 2011

အောင်ဆန်းစုကြည် အိမ်ပြန်ရမှာ ခက်နေတယ်။

အောင်ဆန်းစုကြည် အိမ်ပြန်ရမှာ ခက်နေတယ်။
ဆလိုင်းမာန်

ခင်ဗျား လူအားလုံးထက် ကံကောင်းနေပါသေးတယ်။
ခင်ဗျားကို နိုဘယ်လ်ဆုပေးခဲ့တာ
မှားပြီလို့ ဘယ်သူမှတော့မပြောပါဘူး။
ပြောရင် ပြောတဲ့သူအမှားဖြစ်မယ်။

ခင်ဗျား ခင်ဗျားလို့ ကျွန်တော်သုံးနှုန်းတာ ရိုင်းတာမဟုတ်ဘူး။
ဒီမိုကရေစီသဘောအရ အားလုံးတန်းတူပဲဆိုတော့
ခင်ဗျား အကျယ်ချုပ်ကျခံခဲ့တာတွေ
ခင်ဗျား အသက်အန္တရာယ် ကြုံခဲ့တာတွေအတွက်လည်း
စိတ်မကောင်း မဖြစ်မိပါဘူး။

ခင်ဗျားလို တခြားလူတွေလည်း နေ့စဉ်ဘ၀မှာ
သူ့ပုံစဉ်နဲ့သူ အကျယ်ချုပ်၊ အကျဉ်းချုပ်ခံနေရတာပဲ
ဘယ်သူမဆို ကံဆိုးရင်သေသွားနိုင်တာပဲ
ကျွန်မအားလုံးကိုချစ်ပါတယ် ဆိုတာကိုလည်း မယုံပါဘူး။
ဘယ်ခေါင်းဆောင်မှ မချစ်ပါဘူးလို့ သူတို့မပြောခဲ့ကြဘူး။
ဘယ်သူမှ မပြောခဲ့ကြဘူး။

၈၈၈၈ ဆိုတာ ခင်ဗျားကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး။
၈၈၈၈ ကြောင့် ခင်ဗျား ဖြစ်လာတာ
၂၀၀၇ လည်း ခင်ဗျားနဲ့ ဆိုင်တာမဟုတ်ဘူး
၂၀၀၇ ကြောင့် ခင်ဗျား အားတက်ခဲ့ရတာ
ဒီပဲယင်းမှာ ခင်ဗျား ဘာမှမဖြစ်ခဲ့ဘူးမဟုတ်လား
ဒီပဲယင်းမှာ ခင်ဗျားလူတွေသာ …

၂၀၀၈ မှာ နာဂစ်ဖြစ်တယ်
၂၀၁၀ မှာ ကျွန်တော် မဲမပေးခဲ့ဘူး
ခင်ဗျား ၂၀၁၀ မှာ လွှတ်လာတယ်
ပြည်သူတွေကို တာဝန်ကိုယ်စီ ကျေပါ ကျေပါ
ခင်ဗျား ပြောခဲ့တယ်။

၂၀၁၁ မှာ ဦးသိန်းစိန်လည်း ဒီမိုကရေစီပြောလာကြတယ်။
၂၀၁၁ မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ပြောတာပဲ။
ဧရာဝတီကို ခင်ဗျား ကာကွယ်ချင်မှန်းလည်း သိတယ်။
ခင်ဗျားအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကားလည်း ထွက်လာတယ်။
နောက်ပြန်ဆုတ်ဖို့ ခက်နေမှန်းလည်း သိတယ်။
ခင်ဗျား အိမ်ပြန်ရမှာ ခက်နေတယ် … ။

No comments:

Post a Comment